ဝတီးမြို့ဟောင်း






ဝတီးကို ပထမဆုံးတွေ့ရှိခဲ့ပုံ ဇစ်မြစ်ကို စ၍ဖော်ပြသင့်သည်ဟုထင်ပါသည်။ မြန်မာ့မြို့ ဟောင်းအရာများကို ကောင်းကင်ဓာတ်ပုံများထဲ၌ ဖတ်ရှုလေ့လာမှုကို ပြုလုပ်လျက်ရှိစဉ်အတွင်း ၁၉၆၇-ခုခန့်က ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သော်က နွားထိုးကြီးအနီး တစ်ဝိုက်တွင် မြို့ဟောင်းတစ်ခုရှိနိုင်သည်။ ၀တီးမြို့ဟောင်းရှိကြောင်း ကျောက်စာတစ်ချပ်လည်း တွေ့ထားသည်။ ဖြစ်နိုင်လျှင်ကောင်းကင်ဓာတ်ပုံဖြင့် ကြည့်ပေးစေလိုသည်ဟုပြောလသည်။
ဤသည်ကိုအကြောင်းပြု၍ နွားထိုးကြီးတစ်ဝိုက်တွင် မြို့ဟောင်းအရာဟောင်းကို ကောင်းကင် ဓာတ်ပုံများဖြင့် ရှာဖွေစူးစမ်းမှုပြုခဲ့သည်။ ရှာကြည့်သော်လည်း တော်တော်နှင့်မတွေ့နိုင်ခဲ့။ တခြား မြို့ဟောင်းများကိုဖတ်ရှုလေ့လာခဲ့တိုင်း မြေပြင်ပေါ်၌ ခပ်ထင်းထင်းတွေ့ရှိနိုင်ခဲ့သည်။ ဗိဿနိုးနှင့် ဟန်လင်းမှလွဲလျှင်ကျန်မြို့ဟောင်းအရာများမှာ ဓာတ်ပုံများထဲ၌ ထင်ရှားလှသည်။
ဝတီးကိုလည်း ဤသို့ပင်တွေ့ရှိဖော်ထုတ်နိုင်လိမ့်မည်ဟု ဆက်လက်ရှာဖွေသည်။ နွားထိုးကြီး မြို့ အရှေ့တောင်ဘက် ဘုရားကြီးကျေးရွာအနီး၌ အ၀ိုင်းပုံသဏ္ဌာန်လိုလို ရိုးတိုးရိပ်တိတ် အရာ ဟောင်းကြီးတစ်ခုကိုတွေ့ရ၏။ အရာဟောင်းတွေ့သည်ဆိုသော်လည်း ခိုင်မာစွာမပြောဝံ့သေး။ မြို့ရိုး တံတိုင်းကဲ့သို့သော အရာကိုဓာတ်ပုံထဲ၌ ထင်ထင်ရှားရှားမတွေ့ရ။
အ၀ိုင်းပုံသဏ္ဌာန်ဖြစ်နေသည်မှာလည်း အ၀ိုင်းအတွင်း၌ လယ်ကွက်များဖွဲ့စည်းပုံနှင့် အ၀ိုင်း ၏အပြင်ဘက်လယ်ကွက်များ ဖွဲ့စည်းပုံခြင်း မတူဘဲဖြစ်နေရာမှ အစပုံသဏ္ဌာန်ကို အကောင်အထည် ဖော်ခဲ့ရသည်။ မြို့ဟောင်းအရာတစ်ခု ဖြစ်ရမည်ဟုပင် ကောက်ချက်ချမိသည်။
အခြားမြို့ဟောင်းရာများကဲ့သို့ ကျုံးဟောင်းရာမတွေ့ရ။ မြို့ရိုးအရာလည်းပီပြင်မှုမရှိလှ။ မြို့ရိုးအရာလည်းပီပြင်မှုမရှိလှ။ နေရာအနှံ့၌မြေပြင်နှင့်တစ်ပြေးတည်း ရှိနေလေပြီ။ မြို့ရိုးဟုယူဆ သည့်နေရာသည်လည်း မြေပြင်ထက် မြင့်မို့နေမည့်အစားနေရာအနှံ့၌ တစ်ပြေးတည်းဖြစ်နေသကဲ့ သို့ထင်ရကာ၊ ဘေးနှစ်ဖက် အနည်းငယ်မြင့်မို့လျက် အလယ်၌ချိုင့်ခွက်နေသဖြင့် မြောင်းလိုလိုထင် နေရသည်။
ဤအခက်အခဲကြားမှ အရာဟောင်း၏ တည်ရှိပုံအနေအထား အ၀ိုင်းသဏ္ဌာန်တစ်ဆက် တည်း ပေါ်လွင်နေပုံနှင့် နေရာဒေသ၀န်းကျင်၏ ဖွဲ့စည်းမှုအနေအထားများကို ဓာတ်ပုံမှဖတ်ရှုလေ့ လာပြီး မြို့ဟောင်းအရာတစ်ခု ဖြစ်ရမည်ဟူ၍ပင် ကောက်ချက်ချလိုက်မိသည်။
မြို့ဟောင်းအရာကို ၀တီးဟုပင် ထိုစဉ်က မှည့်ခေါ်လိုက်ပြီး ၁၉၆၈-ခုနှစ်၊ မြန်မာ့မြို့ဟောင်း ရာများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာခြင်းစာတမ်းတွင် ထည့်သွင်းရေးသားခဲ့ပါသည်။ ထို့နောက်ဝတီးကိုဆက်လက်လေ့လာခြင်း မပြုမိတော့ပါ။ ၀တီးကို ကောင်းကင်ဓာတ်ပုံမှ တွေ့ရှိပြီး သည့်နောက် နှစ်ပေါင်း ၁၃နှစ်ကြာ ၁၉၇၉-ခုနှစ်မှပင် မြေပြင်၌ လေ့လာမှုကိုပြုနိုင်တော့သည်။

ဝတီးမြို့ဟောင်း၏တည်နေရာ
ဝတီးမြို့ဟောင်းသည် အရှေ့လောင်ဂျီတွဒ် ၅၉ ဒီဂရီ ၄၂မိနစ်နှင့် မြောက်လတ်တီတွဒ် ၂၂ဒီဂရီ ၂၂.၅မိနစ်တွင် တည်ရှိ၏။ မြစ်သားမြို့မှ နွားထိုးကြီးမြို့သို့သွားသည့် ကားလမ်းမှ တောင်ဘက် ၂မိုင်ဝေးပြီး နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက်(၇)မိုင်ခန့်ဝေးသည့် ဘုရားကြီး ကျေးရွာအနီးတွင် တည်ရှိသည်။

ဝတီးသို့သွားသည့်ခရီး
ဝတီးမြို့ဟောင်းကို ရှာဖွေရန်ဖြစ်စေ၊ မြေပြင်ပေါ်၌ စူးစမ်းလေ့လာရန်ဖြစ်စေ သွားသည့်အခါ အကောင်းဆုံးသောလမ်းခရီးမှာ နွားထိုးကြီးမြို့မှတစ်ဆင့် သွားရောက်ခြင်းပင်ဖြစ်သည်။
နွားထိုးကြီးနှင့် ဘုရားကြီးကျေးရွာမှာ ခရီး၎မိုင်ခွဲ ၅မိုင်ခန့်ရှိ၏။ အုတ်တွင်းရွာမှ သွားခြင်း ထက်ခရီးပိုဝေးစေကာမူ ကားဖြင့် နွေရာသီတွင် လွယ်ကူစွာသွားနိုင်သဖြင့် နွားထိုးကြီးမှတစ်ဆင့် သွားရောက်လေ့လာခြင်းက ပို၍အဆင်ပြေလေသည်။
ဘုရားကြီးကျေးရွာနှင့် ကြီးကန်ရွာတို့မှာ ခရီးတစ်မိုင်ခွဲ သာသာမျှသာဝေး၏။ ရွာနှစ်ရွာစလုံး ရွာကြီးများဖြစ်ကြသည်။ အမှန်စင်စစ် ဘုရားကြီးကျေးရွာသည် ၀တီးမြို့ဟောင်းအရာနှင့် အနီးဆုံး တည်ရှိသည့် ရွာပင်ဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားကြီးကျေးရွာသည် ၀တီးမြို့ဟောင်း၏ တောင်ဘက် မြို့ရိုးနှုတ်ခမ်းကို မေးတင်၍တည်ရှိသည့် ရွာကြီးတစ်ရွာပင်ဖြစ်ချေသည်။ အိမ်ခြေ(၂၃၀) ကျော်ရှိ၏။
ဘုရားကြီးကျေးရွာ၏မြောက်ဘက် ရွာနှင့်ကပ်မြှောင်လျက် တည်ထားသည့် အလျားရှည်မျော သည့်ရေကန်ကြီးတစ်ကန်ရှိ၏။ ဤကန်ကို ဆည်ထားသည့်ကန်ဘောင်အတိုင်း လျှောက်၍သွားလျှင် ကန်ဘောင်သည် ၀တီးမြို့ရိုးဟောင်းတွင် သွား၍ဆုံနေသည်ကိုတွေ့ရပေလိမ့်မည်။ ထိုမြို့ရိုးအပေါ်၍ ပင်လျှင် သွားလမ်းရှိနေပေသည်။ ခြေကျင်လမ်းဟု ခေါ်သော်လည်း ရံဖန်ရံခါမှာ လှည်းလမ်းသည် လည်း ဤ၀တီးမြို့ဟောင်းပေါ်၌ပင်ရှိနေတတ်သည်။ မြို့ရိုးဟောင်းပေါ်၌လည်းကောင်း၊ မြို့ရိုး ဟောင်းနှင့် ကပ်မြှောင်လျက်လည်းကောင်းအခါများစွာ တွေ့ရတတ်သည်။
အုတ်တွင်းရွာမှလည်း ကြီးကန်ရွာသို့ လမ်းဖောက်လုပ်လျက်ရှိနေပြီဖြစ်ရာ၊ အုတ်တွင်း၊ ကြီး ကန်လမ်းပြီးစီးသွားပါက ၀တီးမြို့ဟောင်းဆီသို့ ခရီးတိုတိုဖြင့် သွားရောက် လေ့လာနိုင်မည်ဖြစ်သည်။ ခရီးမှာ ကားလမ်းမှ၂မိုင်သာသာမျှသာဖြစ်၏။

မြို့ရိုးဟောင်း၏လက်ရှိအခြေအနေ
ဝတီးမြို့ဟောင်းသည် များစွာပွန်းတီးပျက်စီးလျက်ရှိလေပြီ။ တချို့နေရာများမျာ မြို့ရိုးဟူ၍ပင် ခန့်မှန်းရန် ခဲယဉ်းနေသည့်အခြေအနေမျိုး ဖြစ်နေလေပြီ။ မြေပြင်ပေါ်၌ မြို့ဟောင်းအရာ၏ ပုံသဏ္ဌာန်ကို အဖောက်ခက်နေစေကာမူ ကောင်းကင်မှရိုက်ကူးထားသော ဓာတ်ပုံဖြင့် အလွယ်တကူ ပင် အရာဟောင်းကိုဖော်ညွှန်းစစ်ဆေးနိုင်သဖြင့် မြို့ရိုးဟောင်းတစ်လျှောက်ကို တိကျစွာဖော်ထုတ် စစ်ဆေး လေ့လာနိုင်သေးသည်။
မြို့ရိုးဟောင်းသည် များစွာနိမ့်လျောလျက်ရှိသည်။ ပွန်းတီးလျက်ရှိပြီ။ သို့ရာတွင် တော်စွ လျော်စွ တည်လုပ်ထားသည့် မြို့ရိုးမျိုးကားမဟုတ်။ တစ်ချိန်တစ်ခါက အခိုင်အခံ့၊ ထည်ထည်ဝါ၀ါ တည်ဆောက်ခဲ့ဟန်ရှိသည့် မြို့ရိုးဟောင်းကြီးဖြစ်သည်။ အုတ်ကျေ၊ အုတ်ကျိုးများမှာ ကြည့်တတ်သူ အဖို့ မြို့ရိုးရာ၏ နေရာဒေသအနှံ့တွင် သက်သေထူလျက် ရှိနေကြသေးသည်။ မြို့ရိုး၏ထုထည် သို့မဟုတ် အကျယ်မှာ တိတိကျကျခန့်မှန်းရန် ခက်ခဲလျက်ရှိပြီး မြို့ရိုးနိမ့်လျော ပြန့်ကြဲသွားခဲ့ခြင်း တို့ကြောင့်ဖြစ်သည်။ သို့ရာတွင် တချို့နေရာများ၌ ၁၅-၂၀ ပေခန့်မျှ ကျယ်ပေလိမ့်မည်။
လူသွားလမ်း၊ လှည်းသွားလမ်းရှိသည့်နေရာများ၌ လမ်းများရှိနေသလောက် မရှိသည့်နေရာ များ၌မူကား မိုးနံချုံများ၊ နဘူးချုံများဖြင့် ဖုံးလွှမ်းလျက်ရှိနေပေသည်။ လွင်တီးခေါင်ဒေသေ ဖြစ်သည့် အလျောက် သစ်ပင်ချုံတော ကြီးကြီးမားမား မရှိလှချေ။ မြို့ရိုး၏တောင်ဘက်တစ်လျှောက် မိုးနံချုံ၊ နဘူးချုံများရှိနေသလို မြို့ရိုး၏အရှေ့ဘက်နှင့် အရှေ့မြောက်ပိုင်းတွင်မူ ရှားစောင်းပင်ကြီးများ ပေါက်ရောက်လျက်ရှိနေသည်ကို တွေ့ရ၏။
ကြည့်ရှုလေ့လာရသလောက် နေရာများတွင် မြို့ရိုးကိုအဓိကအားဖြင့် အုတ်ဖြင့်တည်ဆောက် ထားသည်ကို တွေ့ရှိရသည်။ မြို့ရိုးတစ်လျှောက်လုံးတွင် အုတ်ရိုးများ ထင်ထင်ရှားရှား ပေါ်လွင်နေခြင်းမရှိ။ မြုပ်ချီတစ်ခါ၊ ပေါ်ချီတစ်လှည့်ဖြင့်တွေ့ရသည်။ အုတ်ရိုးပေါ်နေသည့် နေရာများ သည်ပင်လျှင် မြင့်မြင့်မားမားမရှိလှတော့ပေ။ များစွာနိမ့်လျောပွန်းတီးလျက်ရှိချေပြီ။
အုတ်ချပ်များမှာ အုတ်ချပ်ကြီးများဖြစ်၏။ ကွင်းဆင်းလေ့လာသည့်အချိန်အတွင်းတူးဖော် မွှေနှောက်ခြင်းမပြုခဲ့ပေ။ ပေါ်ထွန်းနေရာတို့၌သာ လေ့လာမှုပြုခဲ့ရသဖြင့် အုပ်ချပ်၏အလျား၊ အနံ၊ ထု၊ အတိုင်းအတာများကို ပြည့်ပြည့်စုံစုံမပြုနိုင်ခဲ့။ တွေ့ရှိရသည့် အုတ်ကျိုး၊ အုတ်ပိုင်းများကို တိုင်းတာကြည့်ခြင်းဖြင့် ထု-၃လက်မ၊ အနံ-၉လက်မရှိသည်။ အုတ်၏အလျားကိုမူမတိုင်းနိုင်ခဲ့။ မကျိုး မပဲ့အုတ်ပြည့်တစ်ချပ်ကိုမျှ အပြင်၌မတွေ့ခဲ့ရခြင်းကြောင့်ပင်ဖြစ်၏။ ထုနှင့်အနံကို ကြည့်ရခြင်းဖြင့် ဗိဿနိုး၊ မိုင်းမောတို့တွင်တွေ့ရသည့် အုတ်ချပ်များ၏ ပျမ်းမျှထုနှင့်အနံ တူညီနေခြင်းကြောင့် အလျားသည် ၁၇လက်မခွဲ ၁၈လက်မခန့်မျှပင် ရှိလိမ့်မည်ဟု ခန့်မှန်းရပေသည်။ အုတ်ချပ်များနှင့် ပတ်သက်၍ သီးသန့်ရေးသားဖော်ပြခြင်းပြုပါဦးမည်။

မြို့တံခါး
တံခါးဝင်အစရှိသဖြင့် ရွာသားများခေါ်လေ့ရှိသော နေရာများကိုလည်းတွေ့ရသည်။ တံခါးနေရာများမှာ အုတ်များပို၍ကျယ်ပြန့်စွာ ခင်းလျက်တွေ့ရှိသည်။ မြို့ရိုးမှာ ၇၅ပေခန့်မျှပင် ကျယ်သည်အထိ အုတ်ချပ်များကိုတွေ့သဖြင့် တံခါးအ၀င်လမ်းများ ဖြစ်ဟန်ရှိ၏။

ဝတီးဆိုသည့်အမည်
ဘုရားကြီးကျေးရွာအနီး၌ တွေ့ရှိရသည့် မြို့ဟောင်းတစ်ခုဖြစ်၍ အမည်ပေးရမည်ဆိုလျှင် ဘုရားကြီးမြို့ဟောင်းဟူ၍ အမည်ပေးမည်ပင်ဖြစ်သည်။ သို့ရာတွင်ဘုရားကြီးကျေးရါာ၌ ၀တီးမြို့ ဟောင်းကိုညွှန်းသည့်ကျောက်စာတစ်ချပ် ရှိနေခြင်း၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး ဦးအောင်သော်ကလည်း နွားထိုးကြီးအနီး၌ ကျောက်စာအရ ၀တီးမြို့ဟောင်းရှိနိုင်ကြောင်း ရှာဖွေ ကြည့်စေလိုကြောင်း ပြောကြားမေတ္တာရပ်ခံခြင်းတို့ကြောင့် နွားထိုးကြီးအရှေ့ဘက်ဘုရားကြီးကျေးရွာ အနီး တွေ့ရှိရသည့် မြို့ဟောင်းရာကို ၀တီးဟု မှည့်ခေါ်လိုက်ခြင်းပင်ဖြစ်ပေသည်။
ဝတီးဆိုသည့်အမည်နှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများကို ရှာဖွေလေ့လာကြည့်ခဲ့ရာတွင် ၀တီးအမည်ပါရှိသည့် နေရာဒေသအချို့ကိုတွေ့ရှိရပေသည်။ သို့ရာတွင် အခုတွေ့ရှိသည့် မြို့ဟောင်း နှင့် ပတ်သက်ခြင်းရှိဟန်မတူလှပေ။ ၀တီးအမည်ဖြင့် တွေ့ရှိရသည့် မှတ်တမ်းများအရ အချို့ကို ဖော်ပြရလျှင်-
၁။ မဟာရာဇ၀င်တော်ကြီး ဒုတိယတွဲတွင် ““သက္ကရာဇ် ၇၁၁-ခုနှစ်တွင် သားတော်သီဟသူကို စစ်ကိုင်းကိုပေး၍ မင်းသင်္ခယာကို ၀တီးမြို့ကိုပေးတော်မူသည်””ဟု ပါရှိသည်ကိုတွေ့ရ၏။
၂။ တစ်ဖန် ဟံသာဝတီပါမိဖုရားအကြောင်း ရေးသားထားရာ၌ တွေ့ရသည်မှာ ““မင်းခေါင် ကြီးဘဒွေးတော် ပုဂံစားသင်္ခယာနှင့် ၀တီးကတော် စောမင်းပုသမီးတို့ သင့်ရာတွင်မြင်သည့်သား မင်းရဲကျော်စွာခံ စောရွေခက်””စသည်ဖြင့် တွေ့ရပြန်သည်။
၃။ ၀တီးအမည်ပါရှိသည့် ကျေးရွာတစ်ခုမှာ ရမည်းသင်းနယ်ထဲ၌ ပါရှိနေပြန်သည်။ ““ငါးထပ် ကြီးဒါယကာမင်း(၁၆၄၆-၆၁)၏... ချက်ကြောင့် မင်းသစ္စာသည် ရမည်းသင်း၊ ၀တီး၊ ယင်းတော်နှင့် လှိုင်းတက်တို့ကို သိမ်းယူလေသည်။ ထို့နောက်နှစ်ပေါင်း ၁၀၀ကျော်မျှငြိမ်သက်လျက်ရှိပြန်၏။ (၁)ဂ ဟူ၍လည်းကောင်း။
၎။ ပဒုံမြို့စားကြီး(ဘိုးတော်ဘုရား)သည် သားတော်တောင်ငူစားနှင့် သမီးတော်ရမည်းသင်း စားတို့နယ်မြေအကျယ်အ၀န်းကို ပြန်လည်သတ်မှတ်ပေးရန်အတွက် တိုင်းခန်းလှည့်လည်လာရင်း၊ ညောင်ရမ်း၊ ၀တီး၊ ဘဒ္ဒ၊ မြို့လှ၊ အင်ပင်တို့၌ ဘုရားများတည်ထားခဲ့သည်။”” ဟုလည်းတွေ့ရှိရပြန် သည်။ (၂)ဂ
၅။ ၀တီးသည် မြန်မာမင်းများလက်ထက် တည်ဆောက်ခဲ့သည့် ဆည်ကြီးတစ်ခုဖြစ်ပြီး၊ ထိုဝတီး ဆည်မှာ လယ်ဧက(၁၆၈၇)ဆည်ရေသောက်နိုင်သည့်အပြင် ရေပိုရေလျှံမှလည်း ဧက၃၅၇၅ခန့် ရေသောက်နိုင်ကြောင်း မှတ်တမ်းများ၌ တွေ့ရှိရပြန်သည်။ (၃) ဂ
၆။ ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၅ (၁၇၃၈ အေဒီ)တွင် ရွှေတိုက်စာရင်း ပြုစုလေသည်။ ရမည်းသင်းခရိုင်၌ပါရှိပြီး အရေးပါသည့် ကျေးရွာကြီးများမျာ ညောင်ကိုင်း၊ ၀တီး၊ ဘဒ္ဒ၊ မြို့လှနှင့် ပေါက်ကိုင်းတို့ဖြစ်သည်ဟု ဖော်ပြထားပေသည်။ (၄) ဂ
(၁ဂ ၂ဂ ၃ဂ ၄ဂ -၁၉၃၉-ခုနှစ်ထုတ် ဘားမားဂေဇက်တီးယား ရမည်းသင်းဒိစတြိတ်)။
ဝတီးနှင့်ပတ်သက်၍ လက်လှမ်းမီသမျှ တွေ့ရှိခဲ့ရသည့် မှတ်တမ်းများကို လေ့လာခြင်းဖြင့် မှတ်တမ်းများ၌ ဖော်ပြသည့် ၀တီးမှာ ယခုရေးသားဖော်ပြသည့် ၀တီးမဟုတ်နိုင်ဟု ကောက်ချက်ချမိ ပါသည်။ ရမည်းသင်းနယ်မှ ၀တီးနှင့်ပတ်သက်သည်များသာ ဖြစ်ပေမည်။
ဘုရားကြီးကျောက်စာပါ ၀တီးမူကား ဤဒေသနေရာကို ဖော်ပြညွှန်းထားစေကာမူ ၀တီးတည် သည့်နှစ်၊ မင်းပြုသည့်မင်းစသည့် အခြားမှတ်သားကိုးကားစရာ ပြည့်ပြည့်စုံစုံ မပါရှိခဲ့ပေ။ ဘုရားကြီး ကျောက်စာ၏ နိဒါန်းအဖြစ်နှင့် ဘုရားကြီးကျေးရွာအနီး ၀တီးဟူသည့်မြို့ဟောင်းကြီးတစ်ခုရှိခဲ့ဖူး သည်။ မြို့ကြီးပျက်သုဉ်းသွားပြီစသည်ဖြင့်သာ ပါရှိလာသည်။ ၀တီး၏ဇစ်မြစ်ကို ခိုင်ခိုင်မာမာ ထောက်ဆိုဖော်ညွှန်းနိုင်ခြင်းမရှိခဲ့ပေ။
ယခုဘုရားကြီးရွာအနီး တွေ့ရှိရသည့် အရာဟောင်းကိုဝတီးဟု အမည်ခေါ်တွင်မှု ပြုခြင်းမှာ လည်း အခြားအခြားသော သမိုင်းအထောက်အထားများ၊ မှတ်တမ်းများကို ကျောထောက်နောက်ခံ ပြုခြင်းထက်ဘုရားကြီးကျေးရွာ၏ ကျောက်စာ၊ စာကြောင်းရေ ၆-၌ ““မပြတ်နောက်ဆက်အက္ခရာ တင်စာတမ်း၊ ဘုရားကြီးမြို့သည် ပထမ၀တီးမြို့ ခေါ်ပါသည်””-ဟူသည့်အဆိုနှင့်ပင် ၀တီးဟု ခေါ်တွင် ခဲ့ခြင်းမျှသာ ဖြစ်ကြောင်းဖော်ပြလိုခြင်းဖြစ်သည်။ အခေါ်အဆိုမှန်ကန်သည်၊ မမှန်ကန်သည်ကို အဓိကမပြုလိုပါ။ ဤအ၀ိုင်းပုံသဏ္ဌာန်ရှိသည့် အရာဟောင်း(မြို့ဟောင်းအရာကြီး) တစ်ခုဖြစ်သည်။ ဘုရားကြီးကျေးရွာအနီး၌ ရှိနေသည်ဆိုသည်ကိုကား အခိုင်အမာဆိုဝံ့သည်သာတည်း။
ဝတီးသည်အ၀ိုင်းပုံသဏ္ဌာန်ရှိသော မြို့ဟောင်းကြီးတစ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီ။ အ၀ိုင်းဆိုရာ ၌ အ၀ိုင်းပုံတိကျသည့် စက်ဝိုင်းပုံမျိုးကားမဟုတ်။ အရာဟောင်းအ၀ိုင်းကြီး၏ အရှေ့မြောက်ဘက်စွန်း တွင် အနီးငယ်စွေ၍ ချွန်းထွက်နေသဖြင့် ခပ်တိုတိုဝိုင်းဝိုင်းရှိသည့် ဘဲဥတစ်လုံး၏အချင်းအရှည်ကို အရှေ့မြောက်နှင့် အနောက်ထောင့်တို့နှင့် ကိုက်ညီအောင်ချထားသည့် ပုံသဏ္ဌာန်နှင့်တူသည်။
အရှည်ဆုံးအချင်းမှာ တစ်မိုင်ခန့်ရှိပြီး အတိုဆုံးအချင်းမှာ တစ်မိုင်ထက် ကိုက်(၁၀၀၀)ကျော် လျော့လျော့ရှိသည်ကို တွေ့ရ၏။ မြို့၏ဧရိယာပမာဏမှာ (၃၂၀)ဧက )(၁၃၀ ဟက်တာ)ခန့်ရှိပေ သည်။ အရှည်ဆုံးအချင်းမှာ အနောက်တောင်မှ အရှေ့မြောက်သို့ရှိနေသည့် အချင်းဖြစ်သည်။ အရှေ့မှအနောက်သို့လည်းကောင်း၊ တောင်မှမြောက်စူးစူးသို့လည်းကောင်း အချင်း၃/၄မိုင်ရှိသည်။
ယခုလက်တွေ့ရှိပြီးသမျှ အ၀ိုင်းပုံသဏ္ဌာန်ဆန်ဆန် မြို့ဟောင်းများထဲတွင် ၀တီးသည်သရေ ခေတ္တရာမြို့ဟောင်းရာထက်လည်းကောင်း၊ မိုင်းမောထက်လည်းကောင်း၊ ဝေသာလီရခိုင်မြို့ဟောင်း ရာထက်လည်းကောင်းငယ်သည်။ သို့ရာတွင် ထားဝယ် သာဂရမြို့ဟောင်းထက်ကြီးသည်။

ပွန်းတီးမှု
တည်ဆောက်မှုပမာဏမှာ ဖော်ပြခဲ့ပြီးသကဲ့သို့ သရေခေတ္တရာလောက် ထည်ဝါမှုမရှိစေကာ မူ မြို့ရိုး၏ပွန်းတီးပျက်စီးမှု လက္ခဏာမှာ သေရခေတ္တရာမြို့ရိုးထက် များစွာပွန်းတီးမှုရှိနေသည်ကို တွေ့ရှိရသည်။ ပွန်းတီးမှုပမာဏမှာ ဗိဿနိုး၊ ဟန်လင်းတို့တစ်မျှ ပွန်းတီးပျက်စီးမှုရှိနေချေပြီ။ ပွန်းတီး ပျက်စီးမှု၏ အတိုင်းအတာကို လေ့လာခြင်းဖြင့် လည်းကောင်း၊ ပုံသဏ္ဌာန်ကို ခန့်မှန်းလေ့လာခြင်းဖြင့် လည်းကောင်း ၀တီးသည်အလွန်ရှေးကျသည့်အချိန်ကာလပိုင်းက ဖွဲ့စည်းတည်ဆောက်ခဲ့သည့် မြို့ဟောင်းတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။

ဝတီးအုတ်ချပ်များ
မြို့ရိုးအုတ်ကျိုးတစ်ချို့၌ အလွန်စိတ်ဝင်စားစရာကောင်းသည့် အရေးအစင်းအမှတ်အသား များပါနေသည်ကိုတွေ့ရသည်။ စာရေးသူနှင့်အဖွဲ့က ရှာဖွေစူးစမ်းနေသည်မှာလည်း မိုင်းမော၊ ဗိဿနိုးတို့တွင် တွေ့ရသည့် အရေးအစင်းအမှတ်အသားမျိုး ဤ၀တီးအုတ်များ၌ တွေ့နိုင်မတွေ့နိုင် ပင်ဖြစ်သည်။
ဘုရားကြီးရွာတွင်တွေ့ရသည့် ၀တီးမြို့ဟောင်းမှ အုတ်ကျိုးတစ်ချို့တွင် အမှတ်အသားများ သည် မိုင်းမော၊ ဗိဿနိုးတို့တွင်တွေ့ရသည့် အရေးအစင်းများနှင့် အလွန်တူညီလျက်ရှိနေသည်ကို တွေ့ရခြင်းကပင်လျှင် စာရေးသူအတွက် အားဆေးတစ်ရပ်ဖြစ်သွားရပေသည်။
လေ့လာစူးစမ်းမှုပြုသည့် အဖွဲ့တစ်ဖွဲ့လုံး တစ်ဦးစီသေချာစွာစစ်ဆေးကြည့်ရှုခဲ့ရသည်။ ရေးကူးမှတ်သားနိုင်ခဲ့သည်။ အရေးအစင်းပါ အုတ်ခဲများကို မင်စာကူး၊ ကျောက်ပုံနှိပ်ခြင်းများလည်း ပြုရပေသည်။ အုတ်ချပ်တစ်ချပ်တွင် စက်ဝိုင်းခြမ်း အစင်း(၂)စင်း အမှတ်အသားပါရှိပြီး တခြားအုတ် ချပ်တစ်ခုတွင် ထောင့်သန်းကြက်ခြေခတ် အရေးအစင်း(၃)စင်းပါရှိသည်ကို တွေ့ရှိရသည်။ နောက်ထပ်တစ်ခေါက် ၀တီးသို့တစ်ဖန်သွား၍ လေ့လာမှုပြုရာ အရေးအစင်းပါသည့် အုတ်ချပ်(၃) ချပ်ကို ထပ်မံတွေ့ရပြန်သည်။
ဝတီးမြို့ဟောင်း၏ အရေးအစင်းပါရှိသော အုတ်ချပ်(၅)ခု တွေ့ရှိသည်ဆိုသဖြင့် အရေး အစင်းအမှတ်အသားပါရှိသည့် အုတ်ချပ်များနည်းပါးလွန်းသည်ဟု အထင်မရောက်စေလိုပါ။ အမှန်မှာ ၀တီးမြို့ရိုးအုတ်များကို တူးဆွဖော်ထုတ်၍ ကြည့်ခဲ့ကြသည်မဟုတ်ပေ။ မြို့ရိုး၏အရာ ဟောင်းကို ကောင်းကင်ဓာတ်ပုံအညွှန်းဖြင့် ရှာဖွေဖော်ထုတ်ရင်း တချို့နေရာများ ပေါ်ချည်ငုတ်ချည် ဖြစ်နေသည့် အုတ်ကျိုးအုတ်ကြေများထဲမှ လှန်လှောစစ်ဆေး ကြည့်ရှုခြင်းဖြင့် အရေးအစင်း အမှတ် အသားပါ အုတ်ပိုင်းတချို့ကို တွေ့မြင်ရခြင်းဖြစ်သည်။

တွေ့ရှိသည့် ရှေးဟောင်းပစ္စည်းများ
ဝတီးနှင့်အနီးဆုံးရှိသည့် ကျေးရွာနှစ်ရွာအနက် ဘုရားကြီးရွာသားများက ကောက်ယူတွေ့ရှိရ သည့် ပစ္စည်းတစ်ချို့ကို ပြောပြနိုင်သည်။ ကြီးကန်ရွာသားများကမူ ပြောပလောက်အောင် ပြောပြနိုင် ခြင်းမရှိကြပေ။ ကြီးကန်ရွာသားများမျာ ဘုရားကြီးရွာသားများလောက် ပစ္စည်းများကောက်တွေ့သိမ်း ဆည်းထားသူ မရှိကြ။ အဖိုးမတန်ဟုဆိုကာ ပုတီးစေ့များကို တွေ့ရှိစေကာမူ အကွက်ထဲ၌ပင် လွှင့်ပစ်ခဲ့ကြသည်ဟုဆိုသည်။
ထိုရွာနှစ်ရွာမှ ရွာသားများတွေ့ရှိသည့် ပစ္စည်းတစ်ချို့ကိုလည်း လေ့လာသုံးသပ်ပြီး မှတ်တမ်း တင်နိုင်ခဲ့ပေသည်။ မေးရင်းမြန်းရင်း စုံစမ်းရင်းမှ တဖြည်းဖြည်းမိမိတို့ကောက်ယူသိမ်းဆည်းထား သည့် ပစ္စည်းကလေးများကို ထုတ်ပြလာကြသည်။ တချို့ကလည်း ကောက်ယူရရှိခဲ့စေကာမူ ယခုအခါ မိမိတို့လက်ဝယ်၌မရှိတော့။ တစ်စုံတစ်ယောက်အား ပေးလိုက်ခြင်း၊ ရောင်းချလိုက်ခြင်း၊ လှူဒါန်း လိုက်ခြင်းတို့ကြောင့် မတွေ့နိုင်ခဲ့တော့ပေ။
ထုတ်ပြကြသည့်ပစ္စည်းများမှာ အများအားဖြင့် ပုတီးစေ့များပင် ဖြစ်ကြသည်။ ၀တီး၌ ဒင်္ဂါး ထုတ်ပြနိုင်ကြသူများမရှိချေ။ ချင်းပုတီးများနှင့်ပတ်သက်၍မူ ဘုရားကြီးကျေးရွာမှ အပြည့်အစုံဆုံး ကြားသိခဲ့ရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်။ တစ်ချိန်က မြို့ဟောင်း၏မြောက်ဘက်ပိုင်း ရွာသား များ၏ အခေါ်အရမြေနီကျင်း ခေါ်သည့်နေရာ၌ ချင်းပုတီးစေ့များကို များပြားစွာတူးဖော်ပြီး ရောင်း ချကြကြောင်း ပြောပြသည်။
ပုတီးစေ့များတူးဖော်ခြင်း
ချင်းပုတီးစေ့ဟုခေါ်နေကြသည့် ပျူပုတီးစေ့များကို အဓိကတူးဖော်ယူကြခြင်းမှာ စစ်မဖြစ်မီ အင်္ဂလိပ်လက်ထက် အချိန်ကာလပိုင်းကဖြစ်သည်။ သက်ကြီးရွယ်အိုပုဂ္ဂိုလ်များ ပြောပြချက်အရဆို လျှင် လူပေါင်းမြောက်များစွာ ချင်းပုတီး တူးဖော်ကြသည်။ ဤလုပ်ငန်းကို စီးပွာရေးလုပ်ငန်းတစ်ခု သဖွယ်ပင် လုပ်ကိုင်ခဲ့ကြဖူးကြောင်း သိရှိရပေသည်။
ဤပုတီးစေ့များမျာ ထိုဒေသ၌ ပေါများစွာတွေ့ရှိနိုင်သည့် အင်ကြင်းကျောက်ဖြူများမှ ပြုလုပ် ဟန်တူသည်ဟု ယူဆကြသည်။
““တစ်ချိန်တုန်းက ချင်းပုတီးတူးရောင်းကြတာ သိပ်စည်တာပဲ။ မုန့်ဆိုင်တွေဘာတွေတောင် လာရောင်းကြတယ်။ ပွဲဈေးလိုပဲစည်တယ်။ သဲတော၊ ကန်ရွာတို့ကတောင်လာတူးကြတယ်၊ ကျုပ်တို့ငယ်ငယ်တုန်းကပေါ့””ဟု အသက်(၆၇)နှစ်ရှိပြီဖြစ်သော ဒေါ်သန်းကပြောပြသည်။ ချင်းပုတီး တူးဖော်ကြသည့် နေရာမှာ မြေနီကျင်းဟု ရွာကခေါ်သည့် မြို့ဟောင်းအနောက်မြောက်ဘက် ကုန်းနေရာဖြစ်သည်။ ဤကျောက်ပုတီးစေ့များ၏ လှပဆန်းကြယ်သည့် ဒီဇိုင်းအမျိုးမျိုး၊ ပုံအမျိုးမျိုးကို ချင်းအမျိုးသား၊ အမျိုးသမီးများ အလွန်ကြိုက်နှစ်သက်ကြသဖြင့်လည်း နှစ်စဉ် တောင်ပေါ်ဒေသများမှ ချင်းအမျိုးသား၊ အမျိုးသမီးများ ရောက်ရှိလာကြပြီး ဤရှေးဟောင်းပုတီးများကို အမြတ်တနိုး ၀ယ်ယူ ကြသည်။ မြတ်နိုးစွာ ဆင်မြန်းကြသည်။ ၄င်းတို့အကြိုက်နှစ်သက်ဆုံး ရှေးဟောင်းပုတီးအမျိုးအစား များမျာ အနက်ခံတွင် အဖြူရောင်အရေးအစင်း ဒီဇိုင်းများဖော်ထားသည့် ရှေးဟောင်းပုတီးများပင် ဖြစ်သည်။ ဤသည်ကို အကြောင်းပြု၍ ထိုရှေးဟောင်းပုတီးများကို ချင်းပုတီးဟုခေါ်ကြလေသည်။
မိုင်းမောမြို့ဟောင်းမှ ချင်းပုတီးတူးဖော်ကြသည်မှာ စည်ကားလှသဖြင့် ပွဲဈေးတမျှ ဈေးဆိုင် များစည်ကားလှသည်ဆိုသည့် ပြောဆိုချက်များမှာလည်း တူညီမှုရှိနေပေသည်။ သို့ရာတွင် ဤဖြစ်ရပ် နှစ်ခုမှာ ၀တီးနှင့်မိုင်းမောပျူမြို့ဟောင်းတစ်နေရာစီတွင် ဖြစ်နေသည်ကို ကိုယ်တိုင်ကွင်းဆင်းလေ့လာ စုံစမ်းခြင်းဖြင့်တွေ့ရှိရပေသည်။
ချင်းပုတီးတူးဖော်ကြသည့်နေရာမှာ ၀တီးမြို့ဟောင်းမြို့ရိုးအပြင်ဘက် အနောက်မြောက်ဘက် တွင်ရှိသည်။ ပထမတွင် ချင်းပုတီးများကို မကြာခဏကောက်တွေ့ကြရာမှအစ တူးဖော်ကြခြင်းဖြစ် သည်ဟုပြောပြသည်။ ထိုနေရာမှာ မြေနီကျောက်စရစ်ဂ၀ံမြေကဲ့သို့ ဖြစ်နေသဖြင့် ဘုရားကြီးရွာသား များက မြေနီကျင်းဟုခေါ်ကြသည်။
မြေနီကျင်း၌ တူးဖော်ကြရာ ချင်းပုတီးများသာမက တခြားပုတီးစေ့များလည်းတွေ့သည်။ ပယင်းရောင်၊ ချိပ်ရောင်၊ အလုံး၊ အပြား၊ အရှည် မျိုးစုံဖြစ်သည်ဟုဆိုသည်။ ဆင်ရုပ်၊ ၀က်ရုပ်၊ ရွှေတို ငွေစ၊ မြေနားဋောင်းကြီးများကိုလည်း တွေ့ရှိရသည်ဟု ပြောကြသည်။ အရိုးအိုးတွေလည်း တွေ့သည် ဟုဆို၏။ သို့ဖြစ်၍ ၄င်းတို့က ရှေးသင်္ချိုင်းဟောင်းဟု ထင်ကြသည်ဟုဆို၏။

ဝတီး၌တွေ့ရှိသည့်ချင်းပုတီး (စစ်မဖြစ်မီခေတ်)
ရှေးဟောင်းသုတေသန မှတ်တမ်းများအရ ၁၉၀၄-ခုနှစ်နောက်ပိုင်းတွင် အင်္ဂလိပ်ကိုလိုနီ ခေတ်အရှိန်အ၀ါကောင်းစဉ်အခါက ဘုရားကြီးရွာအနီး၌ ချင်းပုတီးစေ့များ ရွာသားများတူးဖော်ရရှိ သည်ကိုတွေ့ရှိသည်။ အင်္ဂလိပ်အရေးပိုင်က ဤပုတီးစေ့များမှာ ရှေးဟောင်းပစ္စည်းများဖြစ်၍ တန်ဖိုး ရှိနိုင်ကြောင်း သိရှိသဖြင့် ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး အက်ဥပဒေအရ အစိုးရကသိမ်းဆည်း သည်။ နောက်နောင်ရွာသားများတွေ့ရှိအောင် ရှာဖွေပေးလိုစိတ်လည်း နှိပ်ကွပ်ရာမရောက်အောင် ဆုငွေသဘောမျိုးဖြင့် အင်္ဂလိပ်ငွေကျပ် (၇၇ိ/-)ချီးမြှင့်ဖူးသည်ဟု ရှေးဟောင်းအစီရင်ခံစာတစ်ခု၌ ဖတ်ရှုရဖူးပေသည်။
ချင်းပုတီးစေ့များမှာ တူးဖော်ပြီးစီးခဲ့ဖူးသည့် ပျူမြို့ဟောင်းများတိုင်းတွင်တွေ့ရသည့် ပစ္စည်း တစ်ခုဖြစ်နေသဖြင့် အထောက်အထား၊ အခိုင်လုံဆုံးနှင့် ကိုးကားမှုပြုရန် အကောင်းဆုံးသော ရှေးဟောင်းပစ္စည်းမျိုးဖြစ်သည်။ ပျူအရိုးအိုးများတွင် ထည့်၌မြုပ်နှံသည်ကို တူးဖော်ပြီးသည့်မြို့များ၌ တွေ့ရှိခဲ့ပြီးဖြစ်၍လည်း အခိုင်မာဆုံး ရှေးဟောင်းပျူသုံးပစ္စည်းတစ်မျိုးဖြစ်ချေသည်။ ပျူမြို့ဟောင်း ကြီးများနှင့် ပျူများနေထိုင်ပျံ့နှံ့ရာအရပ်များမှာ တွေ့ရှိရသည်။ ၄င်းပုတီးများကို ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်းများ တူးဖော်စဉ်ကလည်း တွေ့ရှိရသည်။

အရုပ်ပုတီးများ
ဘုရားကြီးကျေးရွာနေ အသက်၇၅နှစ်ရှိပြီဖြစ်သည့် ဦးရွှေဒုံးကလည်း လွန်ခဲ့သည့်(၁၀)နှစ်ခန့် က ၀တီးမြို့ဟောင်းအတွင်း နန်းတော်မန်းကျည်းပင် အနောက်တောင်ကုန်းမှ ဆင်ရုပ်ပုတီးတစ်ခုကို တွေ့ခဲ့သည်။ ဤဆင်ရုပ်ပုတီးကလေးမှာ ယခုသူ့လက်ထဲ၌ပင် ရှိနေပေသည်။ အရောင်မှာ အနက် ရောင်(သို့) အနက်ဘက်သို့လုနေသည့် အစိမ်းရောင်ဖြစ်နေသည်ကို တွေ့ရှိရသည်။ ဤဆင်ရုပ်ပုတီး ကလေးကို မပြချင်ပြချင်နှင့် ထုတ်ပြသည်။ ပုလင်းထဲ၌ ကျကျနန နံ့သာရည်နှင့်စိမ်၌ အဆောင် အယောင်အမှတ်ဖြင့် အမြတ်တနိုးသိမ်းဆည်းထားပေသည်။
တွေ့ရဖူးသည့် ဆင်ရုပ်ပုတီးများထဲတွင် ဤပုတီးစေ့လေးမှာ လက်ရာအမြောက်ဆုံးဖြစ်သည် ကို တွေ့ရသည်။ ပျူဆင်ရုပ်ပုတီးကလေးကို ဦးရွှေဒုံးတွေ့ခဲ့သည်မှာ (၁၀)နှစ်ပင်ကျော်ခဲ့လေပြီ။ ၀တီးမြို့ဟောင်းအတွင်းမှပင် ကောက်ရခဲ့ခြင်းဖြစ်သည်ဟုဆို၏။ ရရှိသည့်နေရာမှာ နန်းတော်ကုန်း မန်းကျည်းပင်ကုန်းစပ်တွင် တွေ့ရှိသည်ဟု ပြောပြသည်။
ပူးရုပ်(သို့မဟုတ်) ကြက်ရုပ်ဟုယူဆနိုင်သည့် အစိမ်းရောင်ကျောက်ပုတီးစေ့တစ်ခုကိုလည်း ဤဘုရားကြီးကျေးရွာ ဦးအေး၊ ဒေါ်အေးမိဆိုသူတို့၌ တွေ့ရသည်။ ဦးအေးမှာ အသက်၆၃-နှစ်ရှိပြီး မည်သည့်နှစ်ကရရှိကြောင်းကို မမှတ်မိသော်လည်း ၄င်းကို ၀တီးမြို့တွင်းကပင်ရရှိကြောင်း ပြောပြ သည်။ ၀တီးမြို့ဟောင်းအတွင်း အရိုးအိုးတယ်အကွက်မှ ရသည်ဟုဆိုသည်။ ၄င်းအရုပ်ကလေးနှင့် ခပ်ဆင်ဆင်တူသည့် အရုပ်ပုတီးစေ့ကလေးတစ်ခုကို ဟန်လင်းမြို့ဟောင်းတူးဖော်စဉ်က တွေ့ခဲ့ဖူး သည်။ သို့ရာတွင်ဟန်လင်း၌တွေ့ရသည့်အရုပ်က ကျားရုပ်နှင့်ပိုတူသည်။
ဝတီးမြို့ဟောင်းမှ တွေ့ရသည့်အရုပ်ပုတီးစေ့များအနေဖြင့် ဤမျှသာဖြစ်သည်။ စာရေးသူ အဖွဲ့နှင့်မတွေ့ရသေးသည့် အခြားရွာသူရွာသားများလည်း တွေ့ဖူး၊ ရဖူးကြသူ ရှိလိမ့်ဦးမည်ဟု ထင်ပါ သည်။

ပျူခေတ်ဒင်္ဂါး
ပျူခေတ်ဒင်္ဂါးပြားတစ်ပြားကို နွားထိုးကြီးမြို့၊ ရွှေကျောင်းတိုက်ဆရာတော် ဦးသောဘနထံ၌ တွေ့ရ၏။ ဦးသောဘန၏ ပြောပြချက်အရ ထိုပျူဒင်္ဂါးကို ကန်နက်တွင်းဥယျဉ် တောင်ဘက်က တူးဖော်ရရှိသည်ဟုဆိုသည်။ အင်္ဂလိပ်လက်ထက်က ကောင်းဘဆိုသူက အိုးဖြင့်ထည့်ထားသည့် ပျူခေတ်ဒင်္ဂါးပြား(၈၀)ခန့် ရရှိခြင်းဖြစ်သည်။
ဆရာတော်ဦးသောဘန ကျောင်းမထိုင်မီက ဆရာတော်ဦးကလျာဏ ကျောင်းထိုင်သည်။ ၄င်းမှာရှေးဟောင်းပစ္စည်းစုဆောင်းခြင်း အလွန်ဝါသနာပါသည်ဟု သိရ၏။ ထိုဆရာတော် ဦးကလျာ ဏမှာလွန်ခဲ့သည့် ၁၉၇၇-ခုနှစ်က ပျံလွန်တော်မူခဲ့သည်ဟု သိရ၏။
ဆရာတော်ဦးသောဘနထံ၌ တွေ့သည့်ဒင်္ဂါးမှာ မျက်နှာဖက်၌ သီရိဝစ္ဆပုံဖြစ်ပြီး သီရိဝစ္တ၏ထိပ် ၌ နေနှင့်လသင်္ကေတတို့ကိုလည်းကောင်း၊ ၀ဲဘက်၌ သွတ္တိကစကြာ၊ ယာဘက်၌ဗဒ္စပီဌအသေး (အစက်ကကလေးသုံးစက်)ကိုလည်းကောင်း တွေ့ရသည်။ သီရ၀စ္ဆအောက်ခြေတည့်တည့်၌ ဗိန္စူ အစက်ကြီးတစ်စက်ပါရှိ၏။
ကျောဖက်ခြမ်း၌မူ နေ၀န်းပုံပါရှိသည်။ နေ၀န်းတွင် ရောင်ခြည်၁၂သွယ်ရှိပြီး ရောင်ခြည်မျှင် များအကြား၌ ဗိန္စုပြောက်တစ်ခုစီရှိသည်။ အနားပတ်ပတ်လည်၌ အစက်(၂၇)စက်ပါရှိသည်။ ဒင်္ဂါး၏ အချင်းမှာ (၃၀)မီလီမီတာရှိ၏။
ပျူဒင်္ဂါးများကိုရရှိသည့် ကန်နက်တွင်းမှာ ဘုရားကြီးရွာနှင့် ၄-မိုင်ခွဲမျှဝေးသည်။ ၀တီးမြို့၏ အစွန်းဖက်နှင့်ဆိုလျှင် (၃)မိုင်ခွဲခန့်မျှသာ ဝေးလိမ့်မည်။ သို့ဖြစ်၍ ၀တီးမြို့တွင်း၌တွေ့ရခြင်း မဟုတ် စေကာမူ ၀တီးမြို့ဟောင်းနှင့်နီးကပ်သည့် နေရာတစ်ခုရရှိသည့် ပျူဒင်္ဂါးများဖြစ်၍ ပျူယဉ်ကျေးမှု၊ ပျူဒေသအ၀န်း၌ဖြစ်ကြောင်း အထောက်အထားကောင်း တစ်ခုဖြစ်ပေသည်။

ရှေးဟောင်းသုတေသနတူးဖော်ရေး
ဝတီးကိုရှေးဟောင်းသုတေသန လေ့လာမှုအတွက် စနစ်တကျတူးဖော်မှု မပြုလုပ်ရသေးပေ။ တူးဖော်မှုကိစ္စအတွက် ဦးစားပေးအစီအစဉ်တွင် ၀တီးမပါဝင်သေး။ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ မိုင်းမော စသည့် ပျူမြို့ဟောင်းများကိုသာ ဦးစားပေးစာရင်းတွင် ပါဝင်သဖြင့် တူးဖော်လေ့လာမှုများ ပြုတန်သ၍ပြုခဲ့လေပြီ။
မိုင်းမောတစ်ခုကိုသာ ထပ်၍အသေးစိတ်တူးဖော်လေ့လာရန်ကျန်သည်။ ဤလုပ်ငန်းသည် တစ်ချိန်ချိန်တွင်ဆောင်ရွက်လုပ်ကိုင် ကြပေလိမ့်မည်။ သို့ဖြစ်၍ ၀တီးစသည့် အ၀ိုင်းပုံသဏ္ဌာန် ရှေးမြို့ဟောင်းတစ်ခုကို စတင်တူးဖော်ရေးအတွက် အခိုက်အတန့်နှေးနှေဦးမည်သာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၀တီးသည်လည်း စိတ်ဝင်စားစရာကောင်းသော မြို့ဟောင်းတစ်မြို့ပင် ဖြစ်ရမည်ဟူသော ခံယူချက်ဖြင့် ၀တီးအား ပျူမြို့ဟောင်းတစ်ခုပေလောဟု လေ့လာမှုပြုရန် တိုက်တွန်းရပေသည်။
(၁) ၀တီးသည် ၀ိုင်းဝန်းသောပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းတစ်ခုဖြစ်နေသည်။ အများအား ဖြင့် မြန်မာနိုင်ငံ၌ ကောင်းကင်ဓာတ်ပုံဖတ်ရှုလေ့လာပြီး တွေ့ရှိဖော်ထုတ်ခဲ့သမျှ အ၀ိုင်းပုံသဏ္ဌာန် ရှိသည့်မြို့ဟောင်းအများစုမှာ ပို၍ရှေးကျ၊ ပို၍စောသည့် မြို့များဖြစ်နေသည်ကို တွေ့ရှိရပေသည်။ ၀တီးသည်လည်း ရှေးကျသည့် မြို့ဟောင်းဖြစ်သည်မှာ သံသယရှိဖို့မလိုပေ။
(၂) ၀တီးမြို့ရိုးမှ တွေ့ရှိရသည့်အုတ်ချပ်တစ်ချို့တွင် အခြားပျူမြို့များ၌ တွေ့ရှိရသည့် အုတ်ချပ်များနှင့် အရေးအစင်းများ၊ အမှတ်အသားများ တူညီစွာပါရှိနေသည်ကို တွေ့ရှိရသည်။ အုတ်ချပ်အရွယ်အစားများလည်း တူညီမှုရှိနေသည်။ အထူးသဖြင့် အုတ်ဆိုသည်မှာ ဝေးလံသည့် ဒေသမှ သယ်ယူအသုံးပြုတတ်သည့် ပစ္စည်းမျိုးမဟုတ်။ ဆောက်လုပ်မည့် ပတ်ဝန်းကျင်ဒေသ၌ပင် ပြုလုပ်လေ့ရှိသည့် ပစ္စည်းမျိုးဖြစ်သည်။ ပျူမြို့ဟောင်းတိုင်းတွင် တွေ့ရသည်။ အုတ်များတွေ့နေခြင်း ကြောင့် ပျူမြို့တစ်မြို့ဟူပင် ကောက်ချက်ချနိုင်ပေသည်။ ပျူတစ်မြို့တည်းနှင့် တူညီသည်မဟုတ်၊ ဤသို့အရေးအစင်းပါသည့် အုတ်ချပ်များကို သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးနှင့် မိုင်းမော မြို့ဟောင်းတို့၌လည်း တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။
(၃) ၀တီး၌တွေ့ရသည့် ပုတီးစေ့(ချင်းပုတီးစေ့) ပယင်းပုတီးစေ့နှင့် အခြားပုတီးစေ့များ၊ ဆင်ရုပ်၊ တခြားအရုပ် ပုတီးစေ့များမှာလည်း ပျူမြို့တိုင်း၌ တွေ့ရှိရသည့် ပုတီးစေ့အထောက်အထား အရလည်း ပျူမြို့တစ်မြို့အနေဖြင့် ကောက်ချက်ချရန် အထောက်အကူဖြစ်ပေသည်။
(၄)ဒင်္ဂါး
ဒင်္ဂါးကို ၀တီးမြို့တွင်း၌ ကောက်ယူတွေ့ရှိခဲ့သည်ဟု စုံစမ်း၌မရသေး။ တူးဖော်ခြင်းလည်း မပြုသေး။ သို့ရာတွင် ပျူဒင်္ဂါးများကိုဝတီးနှင့် သုံးမိုင်ခွဲမျှသာဝေးသည့် နွားထိုးကြီးမြို့စွန်၊ ကန်နက် တွင်းဥယျာဉ် တစ်နေရာ၌ အိုးနှစ်တစ်အိုး တူးဖော်ရရှိဖူးကြောင်း သိရှိရသည်။ ၄င်းဒင်္ဂါးများထဲမှ ဒင်္ဂါး တချို့ကို နွားထိုးကြီးမြို့၊ ရွှေကျောင်းတိုက်ဆရာတော်ထံ လှူဒါန်းထားသည်။ ထိုဒင်္ဂါးကို တွေ့ရှိခဲ့ရ သဖြင့်လည်း ပျူခေတ်ဒင်္ဂါးတစ်ခု အနေဖြင့် တစ်စိတ်တစ်ဒေသအထောက်အကူဖြစ်နေပြန်သည်။ ကျန်အသေးအဖွဲများကို ဖယ်ထားဦး၊ အထက်ပါ အချက်ကြီးလေးချက်အရပင်လျှင် ၀တီးမြို့ဟောင်း အား ပျူမြို့ဟောင်းတစ်ခုဟုပင် ယူဆနိုင်ပေသည်။ နောက်ပိုင်းမှပင် တူးဖော်တွေ့ရှိသည့် ပစ္စည်းများ ဖြင့် သက်သေထူကြပါစို့။

ထိန်းသိမ်းမှု
ယခုခေတ်မျက်မှောက် ၀တီးအခြေအနေသည် ကောင်းကင်ဓာတ်ပုံမှ ပြုစုထားသည့်မြေပုံ အထောက်အထားဖြင့် ရှာဖွေလျှင် မြို့ရိုးရာတစ်ခုလုံးကို လေ့လာနိုင်သေးသည်။ ဤအခြေအနေထက် ပို၌ တူးဖော်ဖြိုဖျက်မှုမျိုး ဖြစ်ပေါ်မလာစေရန် ထိန်းသိမ်းထားဖို့လိုသည်။ သက်ဆိုင်ရာ ပတ်ဝန်းကျင် ကျေးရွာမှ ရွာသူရွာသားများကလည်း အသိစိတ်ဓာတ်ရှိနေဖို့လိုသည်။ နှစ်ပေါင်းထောင်နှင့်ချီပြီး ဖြစ်ပေါ်ခဲ့ဖူးသည့် ယဉ်ကျေးမှု အမွေအနှစ်၊ ခြေရာလက်ရာကို မိမိတို့သက်တမ်းအတွင်း တစ်ခဏ ချင်းဖြိုခွင်းဖျက်ဆီးပစ်ကြရန်မဟုတ်။ ထိန်းသိမ်းစောင့်ရေးလုပ်ငန်းများ ၀ိုင်းဝန်းလုပ်ဆောင်သင့်လှပါကြောင်း..။

wrote by-Mayng Mayng Than
 မူရင်းလင့်- http://www.facebook.com/notes/maung-maung-than/%E1%81%80%E1%80%90%E1%80%AE%E1%80%B8/270505659643867